နေပူပူ ရေစိုစိုမှာ အရေပြားပြဿနာတွေ မဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ
နှစ်သစ်ကူးအတာသကြင်္န်မှာရေကစားမိခဲ့လို့ အသားအရေ ပျက်စီးနေပြီလား? အထူးသဖြင့် ဒီကာလရဲ့ ပူပြင်းတဲ့ နေရောင်မှာ ခရမ်းလွန်ရောင်ခြည်ပမာဏ ပိုများတာကြောင့် အသားအရေကို ပိုထိခိုက်နိုင်သလို မသန့်ရှင်းတဲ့ရေ၊ ကြမ်းတမ်းတဲ့ ရေကစားနည်းတွေကြောင့်လဲ အသားအရေပြဿနာတွေ ကြုံလာနိုင်ပါတယ်။ ဒါတွေကို ဘယ်လို ကြိုတင်ကာကွယ်နိုင်မလဲ?
(၁) အရိပ်ထဲမှာ ရေကစားပါ
ဖြစ်နိုင်မယ်ဆိုရင် နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှု နည်းတဲ့ အကာအကွယ်၊ အရိပ်ရှိတဲ့ နေရာမှာ ရေကစားသင့်ပါတယ်။ နေပူထဲမှာ အချိန်ကြာမြင့်စွာ နေခြင်းက အသားအရေ ပြဿနာတွေကို ပိုဆိုးစေနိုင်သလို အပူလျှပ်တာ၊ နွမ်းလျတာတွေကိုလဲ ဖြစ်စေနိုင်ပါတယ်။
(၂) အဝတ်အစားကို လုံခြုံအောင် ဝတ်ဆင်ပါ
မျက်နှာ၊ လက် ၊ ခြေထောက် စတဲ့ နေရာတွေကို ဖုံးအုပ်ထားနိုင်တဲ့ လက်ရှည်၊ ဘောင်းဘီရှည်တွေကို ပိုဝတ်ဆင်သင့်ပါတယ်။ ဒါဟာ နေရောင်ခြည်ကို ကာကွယ်ပေးတဲ့အပြင် မသန့်ရှင်းတဲ့ ရေနဲ့ တိုက်ရိုက်ထိတွေ့မှာကိုလဲ အထိုက်အလျောက် လျော့နည်းစေပါတယ်။ နွေရာသီအတွက် လေဝင်လေထွက်ကောင်းတဲ့ မထူလွန်း မပါးလွန်းတဲ့ အဝတ်အစားတွေက အသင့်တော်ဆုံး ဖြစ်မှာပါ။
(၃) ဦးထုပ်ဝတ်ဆင်ပါ
မျက်နှာ ၊ နား၊ လည်ပင်း စတာတွေကို ဖုံးထားနိုင်တဲ့ ဦးထုပ်က သင့်ကို နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှာကို ကာကွယ်နိုင်တာကြောင့် အသားအရေ ပြဿနာတွေကို နည်းစေပါလိမ့်မယ်။ နေကာမျက်မှန်တပ်ဆင်တာကလဲ သင့်မျက်လုံးအတွက် အကာအကွယ်ဖြစ်စေသလို မျက်လုံးနားတစ်ဝိုက် အရေးကြောင်းဖြစ်တာတွေကို လျော့နည်းစေပါတယ်။
(၄) နေလောင်ကာခရမ်လိမ်းပါ
UVA နဲ့ UVB ကို ကာကွယ်နိုင်တဲ့ အကောင်းဆုံးအရာကတော့ SPF (Sun Protection Factor) ပါဝင်တဲ့ Suncream ပါပဲ။ နေရောင်ထိတွေ့နိုင်တဲ့ နေရာတိုင်းမှာ Suncream ကို လိမ်းဖို့ လိုသလို သကြင်္န်တွင်းကာလသုံးမယ်ဆိုရင်တော့ ရေစိုခံတဲ့ Suncream ကို သုံးပေးသင့်ပါတယ်။ Suncream ကို နေပူထဲ မထွက်ခင် ကြိုလိမ်းထားဖို့ လိုတဲ့အပြင် နှစ်နာရီခြား တစ်ခါ ပြန်လိမ်းပေးဖို့လဲ လိုပါတယ်။
(၅) အသားအရေကို ပြန်လည် ထိန်းသိမ်းပါ
သကြင်္န်လည်ပြီးနောက်မှာ အသားအရေကို ပြန်လည်ထိန်းသိမ်းတာ၊ retinol ဒါမှမဟုတ် ဗီတာမင် C ပါဝင်တဲ့ skincare တစ်ခုခု လိမ်းပေးတာ၊ နေလောင်တာနဲ့ အသားအရေ ညိုညစ်တာတွေအတွက် သက်သာစေမယ့် skincare တစ်ခုခု ပြန်သုံးပေးတာမျိုး လုပ်သင့်ပါတယ်။
အခုပြောခဲ့တဲ့ အချက် (၅) ချက်က သကြင်္န်မှာ ရေကစားပြီးနောက် အသားအရေ မပျက်စီးစေဖို့ ကာကွယ်ပေးနိုင်မယ့် အရေးကြီးတဲ့ အချက်တွေဖြစ်ပါတယ်။ တကယ်လို့ အသားအရေ ပြဿနာတွေကို ရက်အတော်ကြာတဲ့အထိ ခံစားနေရတယ်၊ မသက်သာပဲ ပိုဆိုးလာတယ်ဆိုရင်တော့ တွေ့ရာဆေးမြီတိုနဲ့ မကုသပဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးသင့်ကြောင်း ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)